မြန်မာသက္ကရာဇ် တစ်ထောင် မတိုင်မီက မြန်မာနိုင်ငံအထက်ပိုင်းတွင် နန်းစိုက်သော မြန်မာဘုရင်များနှင့် အောက်ပိုင်းဒေသတွင် နန်းစိုက်သော မွန်ဘုရင်များ စစ်ခင်းကြရာတွင် မြန်မာပိုင်ဖြစ်လိုက် မွန်ပိုင်ဖြစ်လိုက် ဖြစ်ခဲ့ရသဖြင့် ဂူထွတ်(မြန်အောင်)ဒေသသည် လူနေနည်းပါးဖွယ် ရှိခဲ့သည်။
ဗြိတိသျှတို့ အုပ်ချုပ်သည့်ကာလတွင် လမ်းပန်းဆက်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများကြောင့် (၁၈၈၁)ခုနှစ်တွင် (၅၄၁၆)ဦး၊ (၁၉၁၁)ခုနှစ်တွင် (၈၃၃၁)ဦး၊ (၁၉၃၁)ခုနှစ်တွင် (၉၀၇၂)ဦး စသည်ဖြင့် အသီးသီး တိုးတက်ခဲ့သည်။
လွတ်လပ်ရေး ရပြီးသည့်နောက်ပိုင်းတွင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာခဲ့သောကြောင့် (၁၉၆၃)ခုနှစ်တွင် (၁၂၁၂၆)ဦး၊ (၁၉၆၉)ခုနှစ်တွင်(၁၅၉၇၈)ဦး၊ (၂၀၀၈)ခုနှစ်တွင် (၁၈၉၀၄)ဦး၊ (၂၀၁၁)ခုနှစ်တွင် (၁၈၅၅၄)ဦး ရှိခဲ့သည်။
မြန်အောင်တစ်မြို့နယ်လုံးတွင် (၂၀၁၁)ခုနှစ်၌ စုစုပေါင်း (၂၁၄၁၂၄)ဦး နေထိုင်လျက်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရပါသည်။
မြန်အောင်မြို့တွင်(၆)ရပ်ကွက်၊ ကနောင်မြို့တွင် (၅)ရပ်ကွက် အပါအ၀င် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း(၆၉) ခု ရှိပြီး၊ ကျေးလက်ပေါင်း (၅၁၇)ရွာ အိမ်ခြေပေါင်း (၅၀၁၂၄)ရှိကာ လူဦးရေ-မ (၁၀၁၁၆၆)ဦး၊ ကျား (၁၁၂၉၅၈)ဦး စုစုပေါင်း (၂၁၄၁၂၄)ဦးရှိကြောင်း (၂၀၁၁)ခုနှစ် ဒီဇင်ဘာလ ကောက်ယူထားသော မှတ်တမ်းများအရ သိရပါသည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် ဂူထွတ် (ခ) လွန်ဆေး (ခ) မြန်အောင်မြို့၌ ဗုဒ္ဓဘာသာနှင့် မိရိုးဖလာနတ်ကိုးကွယ်သူများသာ နေထိုင်ကြပြီး ဗြိတိသျှ အုပ်ချုပ်မှုခေတ်တွင် နိုင်ငံရပ်ခြားမှ ၀င်ရောက်လာကြသော အိန္ဒိယ၊ပါကစ္စတန်လူမျိုးများကြောင့် ဟိန္ဒူ၊ အစ္စလာမ် ဘာသာကိုးကွယ်မှုများ ရှိလာသည်။ အင်္ဂလိပ်၊ ကရင်နှင့် ချင်းလူမျိုးများသည် အများအားဖြင့် ခရစ်ယံ ဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။
0 comments:
Post a Comment