This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, December 21, 2012

နေလပမာ သာသနာ

သာသနာတော် အသက် ပရိယတ်နဲ့ ဆက်ပေးရမယ်။ သာသနာတော်အလင်း ပရိယတ်နဲ့ သွင်းပေးရမယ်။
ဒါမှ မြန်မာမှာရော ကမ္ဘာမှာပါ သာသနာတော်ဆိုတာ ရှင်သန်နေမှာ။ ထေရ၀ါဒဆိုတာ တည်မြဲနေမှာ။
ဘာသာ သာသနာ ပျောက်ပျက်ကြွေပြီး ဒို့လူမျိုးတွေ အခက်ပွေမှာ ဒီကမ္ဘာမြေ ပထဗျာမှာ ရှိမနေစေရဘူး။
မမြင်မတွေ့စေရဘူး။ အမျိုးဘာသာ သာသနာအတွက် ဒို့အသက်တွေ ပေးထားတယ်။

အမျိုးဘာသာ သာသနာလှဖို့ ဒို့ဘ၀တွေ ပေးထားတယ်။ ဒို့သာသနာအောင်လံ ဒီနေ့ထိ လက်ဆင့်ကမ်းလွှင့်ထူလာတာ ရှိနေတာဟာ အသက်ပေးပြီး ယူခဲ့လို့ပါ။ ဘ၀စတေးပြီး ယူခဲ့တာပါ။
သမိုင်းသက်သေရှိခဲ့လို့ ဂုဏ်ယူဝမ်းမြောက်စရာပါ။ လောကမှာ နေတစ်စင်း အလင်းရှိသလို လအဆင်း အေးမြခြင်းဆိုတာ ရှိတယ်။ ဒို့ဘာသာသာသနာ ဒို့လူမျိုး ဒို့နိုင်ငံအတွက် နေတစ်စင်းရဲ့ နှလုံးသားမျိုးနဲ့ မျက်မှောက်နဲ့ နောင်သံသရာအတွက် မိစ္ဆာအမှောင်များကို သာသနာတော်ရဲ့ အဆုံးအမနဲ့ ဖြိုခွင်းနိုင်ဖို့၊ သာသနာတော် မပျောက်ရှအောင် ထိန်းသိမ်းပြီး ပညာအလင်းတန်းတွေ အမြဲပေးနေမယ်။

အမှန်တရားနဲ့ ရဲရင့်မှုတွေနဲ့ အမြဲမသွေ လမ်းပြပေးနေမယ်။ လတစ်စင်း မေတ္တာမျိုးနဲ့ သာသနာ့ရွှေဝါရောင်အရိပ်မှာ အေးမြခြင်းတွေနဲ့ ခိုဝင်အိပ်စေရမယ်။
 အလောဘ အဒေါသ အမောဟ ဆိုတဲ့ ငြိမ်းချမ်းရေးတရားတွေ လူတွေရဲ့ နှလုံးသားထဲကို ထည့်ပေးမယ်။

ဒီအတွက်.... ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ပရိယတ္တိကြွယ်ဝ ပဓာနနှင့် စာချ ဗိသုကာဆရာတော်တွေက
အမြဲမညှိုး ကောင်းကျိုးတွေကို မြင်သာထင်သာအောင် သာသနာ့နေအစင်းများစွာကို ပုံသွင်း၊ အနာဂတ်လင်းစေ။ လအစင်းများစွာကို ပုံသွင်း လမင်းရဲ့ အေးမြခြင်းအရောင်အ၀ါနဲ့ ကုမုဒြာကြာ ပွင့်ဖူးလာရသလို အနာဂတ် ဥာဏ်အမြင်ပွင့်လန်း ဘ၀ငြိမ်းချမ်းရေးလမ်းကို  လှပစွာ လျှောက်စေ၊ ရောက်စေဆိုတဲ့ မေတ္တာစေတနာ။
သာသနာ အသက်မထွက်စေဖို့ သာသနာတော်အတွက် ရည်ရွယ်ချက်၊ရည်မှန်းချက်တွေပါ ဘယ်အခါ မပျက်စေရဘူး။

ကဲ... အမျိုး၊ ဘာသာ၊ သာသနာကို ချီးမြှောက်ကြပါစို။ အမျိုးဘာသာ သာသနာကို ကာကွယ်ကြပါစို့။




                           နေ၀န်းသစ်( မြန်အောင်) ၏ ပို့စ်ကို တင်ပေးခြင်းဖြစ်ပါသည်။

Saturday, November 24, 2012

Friday, October 19, 2012

မြန်အောင်မြို့မှ ရေပူစမ်း

         ရေပူစမ်းဟု ဆိုလိုက်လျှင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်မှ ထင်ရှားကျော်ကြားသော ရေပူစမ်းများကိုသာ အများက သိကြပေလိမ့်မည်။   ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၏ တောင်ဘက် တစ်မိုင်ခွဲခန့်တွင် “ ဆပ်ပြာကျင်း၊ ထန်းကုန်း” ရေပူစမ်းရှိသည်ကို သိရှိသူ နည်းပါးသလို မထင်မှတ်သူများလည်း ရှိပေလိမ့်မည်။
        မြန်အောင်မြို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကြောင့် ထင်ရှားသော်လည်း ၄င်းရေပူစမ်းကိုမူ လူသိနည်းပေသည်။ ရေပူစမ်းတွင်းနှင့် မလှမ်းမကမ်းတွင် လာဘသိဒ္ဓိအောင် စေတီငယ်ကိုလည်း ဘုန်းတော်ကြီးကျောင်း တောတန်းလေးများနှင့် တွဲလျက် ကျေးလက်မြန်မာ့အလှ သဘာဝပန်းချီကားသဖွယ် ခံစားချင်သူများ လာရောက်ကြည့်ရှုလေ့လာစေချင်ပါသည်။
ဆောင်းရာသီကာလတို့တွင် ရေပူစမ်းရေကို တစ်ဝကြီးချိုးလိုက်ရပါက  ကိုယ်ခန္ဓာလန်းဆန်း သွားစေသည်။
နွေမိုးဆောင်းသုံးရာသီလုံးအမြဲမပြတ်စီးဆင်းနေသောစမ်းရေအိုင်များကိုလည်း  ရေပူစမ်းအနီးတွင်
တွေ့မြင်ရပေသည်။  စမ်းရေအိုင်များနှင့် ရေပူစမ်းကြားတွင် ထိစပ်လျက်ရှိသော နွံပြင်ကြီးမှာလည်း တအိအိနှင့် ထူးဆန်းဖွယ် တွေ့မြင်နိုင်ပါသည်။
       ရေပူစမ်းအိုင်အတွင်း ကြက်ဥကို တစ်နာရီခန့် စိမ်ထားပါက စားသောက်၍ရနိုင်လောက်အောင် ပူနွေးပါသည်။ရေပူစမ်းရေတွင် ကန့်ဓာတ် ပါဝင်နေသဖြင့် အနည်းငယ် ကန့်နံ့ နံနေပေသည်။
မြေကြီးအောင် ပေနှစ်ထောင်ကျော်ရှိ အနည်ကျ ကျောက်လွှာများမှ လာသော ရေပူစမ်းရေဖြစ်သည်ဟု ပညာရှင်များထံမှ သိရှိရသည်။ ထို့ကြောင့် ၀ဲနာ ယားနာများ ပျောက်သည့် အပြင် အခြားသော ရောဂါများအတွက်လည်း ဆေးပေါင်းခကြောင်း ကိုယ်တွေ့ကြုံသော အနီးအနားရွာသားများက ပြောပြကြပါသည်။
            ထို့ကြောင့် မြန်အောင်သူ၊ မြန်အောင်သားများ သိရှိနိုင်ကြပါရန်နှင့်၊ သွားရောက်လေ့လာနိုင်ရန် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ထပ်မံဖောက်သည်ချပေးနိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

မှတ်ချက်။     ။ သဲတစ်ပွင့်နှင့်အဖွဲ့၏ ပေးပို့သော စာမူဖြစ်ပါသည်။

Wednesday, September 12, 2012

မူလတန်း ကလေးငယ်များ၏ ၀ါဆိုသင်္ကန်းကပ်ပွဲလေး

မြန်အောင်မြို့အမှတ်(၁)ယမ်းတိုက်ကုန်း အခြေခံပညာမူလတန်းကျောင်းမှ ဆရာမများနှင့်
ကျောင်းသားငယ်လေးများ၊မြန်အောင်မြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက်တွင်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
 နေပုံဖြစ်ပါတယ်... အနာဂတ်မျိုးဆက်သစ်လေးများကိုခုလိုပုံစံလေးတွေနဲ့တွေ့ရတာ အင်မတန်
 ကြည်နူးစရာကောင်းလှပါတယ်... 
ကလေးကောင်းမှလူကြီးကောင်းမည်၊ကလေးတော်မှလူကြီးတော်မည်၊ကလေးမှလူကြီးဖြစ်လာပြီး တိုင်းပြည်နှင့်လူမျိုး အားကိုးစရာဖြစ်လာမည်ဖြစ်သည်။ ကလေးငယ်များကို စနစ်တကျ သွန်သင်ခြင်းဖြင့် အနာဂတ်သားကောင်းများဖြစ်လာမည့်အရေးကို ခေတ်မြော်မြင်ကြီးမားတော်မူသော တောင်မြို့မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီးဆရာတော်ဘုရားကြီးက အောက်ပါ ကဗျာလေးနဲ့ဆုံးမခဲ့ပါသည်။
အားလုံးဝမ်းမြောက်နိုင်ကြပါစေ။
ကလေးအရွယ်လိမ္မာနှင့်ပါမှ ကြီးရင့်ကလိမ္မာမည်
မလိမ္မာ ပြည်ထောင်စုကြလျှင်၊ ကောင်းမှုမတည်
ကလေးတို့နေပြည်၊ တည်စေဖို့စိတ်စော
နံနက်မင်္ဂလာနှင့် နေ့မကွာ ညဥ့်ပါသုံးလို့ရယ်
ပြုံးကြစေသား...................။










မြန်မာတို့သွေး - မျိုးချစ်ရေး

ဘလော့လေးသာ ဖွင့်ထားတာ မြန်မာကွန်နဲ့ တင်ချင်တိုင်း တင်လို့မရဘူးဖြစ်နေတာက တစ်ကြောင်း ပျင်းတာက တစ်ကြောင်းပေါ့( ဟဲဟဲ.. ၀န်ခံပါတယ်) ဘလော့လေးမှာ သိပ်မတင်ဖြစ်သေးပါဘူး....

ဒီတစ်ခါတော့ စိတ်ထဲမှာ တစ်ကယ် တက်ကြွမိတဲ့ ဇာတိသွေး မျိုးချစ်သွေးကို ဖော်ဆောင်ပေးတဲ့ ကဗျာလေးတစ်ပုဒ်ကို ဖတ်ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်... ညီအစ်ကို မောင်နှမများ အားလုံး

ဖတ်ရှုခံစားစေချင်တဲ့ ဆန္ဒလေးနဲ့ပါ..။

ကဗျာလေးခေါင်းစဉ်က “မြန်မာတို့သွေး-မျိုးချစ်ရေး”တဲ့ ဖတ်ကြည့်လိုက်ကြပါအုံး


    ၁။ မြန်မာပီသအပျိုစင်   ချစ်ဖော်ရွေးချယ်ရင်(လျှင်)

    ဘာသာမျိုးတူမကွဲပြား   ချစ်ဖော်ရွေးပါလား

    မြန်မာစစ်စစ်ဖြစ်ရတာ    ဂုဏ်ယူဝင့်ကြွားပါ

    ကိုယ့်ရင်သွေးမှဇာတိသွေး  မြန်မာစစ်စစ်မွေး။

    ၂။ ဘ၀ကြင်ဖော်ချစ်သွေးပျော်   ဘာသာခြားနဲ့နော်

    မြန်မာမျိုးတွေတွဲလေတိုင်း   စိတ်များလွန်ထိုင်းမှိုင်း

    ကပြားလေးတွေမြင်ရရင်(လျှင်)  စိတ်များမကြည်လင်

    နာဂတ်မြန်မာလူမျိုးရေး   စိုးရိမ်ပူပန်တွေး။

    ၃။ မအိုခင်ကအပျိုစင်  ကျွန်ုပ်တောင်းပန်ချင်

    ပျိုတိုင်းကိုယ်စီမျိုးချစ်သွေး   ရင်တွင်းပြည့်သိပ်မွေး။

    ဘ၀ခြေနေဘယ်လိုနေ   မျိုးတူချစ်ကြိုက်လေ

    မျိုးချစ်စိတ်ဓာတ်ခိုင်မာရေး   တိုင်းရင်းသားတို့မွေး။

    ၄။ မွေးကတည်းကသွေးပါလာ  မျိုးချစ်သွေးဆိုတာ

    မိဘနှစ်ဖြာမြန်မာသွေး    ဦးစွာမွေးဖွားရေး။

    မျိုးဇာတိဂုဏ်ကျင့်သိက္ခာ   ထိန်းသိမ်းပေးရမှာ

    မြန်မာမှန်လျှင်မျိုးချစ်သွေး   လူတိုင်းကိုယ်စီမွေး

    ၅။ ငါတို့မြန်မာလူများစွာ   ကပြားများရင်ကွာ

    နာဂတ်မြန်မာတို့(ဒို့)လူမျိုး   ပျောက်ကွယ်သွားမှာစိုး

    ကိုယ့်ရင်သွေးကကလေးတွေ  မိဘပီပြင်စေ

    ဘိုးဘွားစဉ်လာမိဘသွေး   မြန်မာစစ်စစ်မွေး။

    ၆။ မြန်မာသွေးကိုအလှဆင်   မြန်မာအပျိုစင်

    မအိုခင်ကမျိုးချစ်သွေး   ပျိုတိုင်းကိုယ်စီမွေး။

    မောင်တို့ မယ်တို့သတိဆောင်  ကပြားမွေးတာရှောင်

    မြန်မာပီသမြန်မာသွေး     မျိုးချစ်စိတ်ဓာတ်မွေး....။

(မအိုခင်က ဆိုသည်မှာ အိမ်ထောင်မကျခင်ကိုဆိုလိုသည်။)

မှတ်ချက်။ ။ ကဗျာမူရင်း ကလောင်ရှင်မှာ - အရှင်ဝိစိတ္တ(မိုးနံကုန်း) တပ်ကုန်းမြို့နယ် ဖြစ်ပါသည်။

Tuesday, September 11, 2012

မြန်အောင်မြို့မှ မော်ကွန်းဝင်ဓာတ်ပုံလေးတစ်ပုံ

မြန်အောင်မြို့မှ မော်ကွန်းဝင် ဓာတ်ပုံလေးတစ်ပုံကို အားလုံးကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်...


မြန်အောင်သူ-မြန်အောင်သားများ-ဆုံစည်းရာ

ကိုယ့်မြို့၊ကိုယ့်ရွာ၊ကိုယ့်ဒေသ၊ကိုယ့်လူမျိုး၊ကိုယ့်ဘာသာကို မချစ်တဲ့သူ ဘယ်သူရှိမလဲ..
အဝေးတမြေကိုရောက်နေတဲ့ အခါမှာဆိုရင် ပိုလို့တောင် တမ်းတမ်းတတရှိတတ်ပြန်ပါတယ်..အဝေးရောက်သူချင်း ကိုယ့်နယ်ကဆိုလိုက်တာနဲ့ အလိုလိုသွေးစည်းပြီးသားဖြစ်နေတတ်ပြန်တယ်.. ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ဒေသရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို တွေ့လိုက်ရရင် စိတ်ထဲမှာ ဖော်မပြတတ်လောက်အောင် ဖြစ်မိတဲ့ပီတိလေးနဲ့ ဒါငါတို့ရွာ၊ ငါတို့မြို့လို့ အလိုလိုဖော်ပြချင်စိတ်လေးတွေ ဖြစ်မိပါတယ်... တစ်ခါတစ်ရံ ကြက်သည်းတောင် ထမိပါရဲ့... (အတည်ပြောတာနော် နောက်တာဟုတ်ဘူး) ခံစားဖူးသူတွေ သိမှာပေါ့နော်.. ဆိုလိုချင်တာက..အဲလိုခံစားမှုလေးတွေက တစ်ခါတစ်ပဲ ဖြစ်ရမှာမဟုတ်ပါဘူး .. အမြဲတမ်းရှိနေ အမြဲတမ်းတွေ့နေရလို့ ဘာသိဘာသာ နေရမှာမဟုတ်ပါဘူး.. အမြဲတမ်း အဲဒီလိုသာ လူတိုင်း စည်းလုံး ညီညွတ်နိုင်မယ်ဆိုရင်.. ကိုယ့်အိမ်၊ကိုယ့်မိသားစု၊ကိုယ့်မြို့ရွာမှ အစပေါ့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်နိုင်ငံကြီးဟာလည်း ဘယ်သူတွေ နှောက်ယှက်နိုင်မှာလဲနော်... ဒီလိုရေးလို့ တစ်မျိုးမတွေးစေလိုပါ။ မည်သည့်ဘာသာ လူမျိုးမဆို အားလုံးကို ခြုံငုံသုံးသပ်ခြင်းသာဖြစ်ပါသည်။
စကားတွေက နည်းနည်း ကြီးကျယ်သွားသလားမသိပါဘူး... ထားပါတော့နော် ပြောချင်တာကတော့ ဖေ့ဘုခ်ပေါ်မှာ“မြန်အောင်သူ-မြန်အောင်သားများ-ဆုံစည်းရာ”တဲ့ ကိုယ့်နယ်နိမိတ်အချင်းချင်းလေးပေါ့ တစ်ပိုင်တစ်နိုင် ကိုယ့်မြို့ရွာအကြောင်းလေးတွေ တင်ကြ၊ဆွေးနွေးကြ၊ သတင်းနဲ့ နည်းပညာလေးတွေ ဖြန့်ဝေကြဖို့ပေါ့ ပြည်တွင်းပြည်ပ မြန်အောင်သားတို့လည်း သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ထင်မိပါတယ်။
ဒါကြောင့် ဒီလင့်လေးကို အားလုံးဝင်ကြည့်နိုင်အောင် ပြန်ဖြန့်ဝေပေးလိုက်ပါတယ်..(ဒီဖေ့ဘုတ်ခ် အဖွဲ့လေးကို ဖွင့်ထားတဲ့သူကိုလည်း ကျေးဇူးတင်မိပါတယ်)


ဒီကနေသွားလိုက်ပါ




Monday, August 27, 2012

Sunday, August 26, 2012

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်၊ထူရွာဘုရားကြီးကျောင်းတိုက်၊ “ထူပါရုံစေတီတော်မြတ်ကြီး”ပုံတော်ဖြစ်ပါတယ်။ အဝေးရောက်နေသူများ မိမိတို့ ကျောင်းကန်ဘုရားကို အမှတ်ရပြီး ကြည်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် တင်ပေးလိုက်ပါသည်။
အားလုံးသောသူများလည်း ဖူးမြော်ကြည်ညိုပြီး ကုသိုလ်ပွားများနိုင်ကြပါစေ။ စေတီရံများကိုတော့ ပြုပြင်ဆဲဖြစ်ပါသည်။



Monday, July 23, 2012

ဘယ်တော့မှ မမုန်းဘူး


စိတ်ချ-မေမေ.....
သမီး-ဘယ်တော့မှ မမှားစေရဘူး
ရှေ့ရှေ့ကပေးတဲ့သင်ခန်းစာတွေ
မျက်မြင်တွေမို့။
...
စိတ်ချ-မေမေ.....
သမီး-ဘယ်တော့မှ မမေ့ဘူး
တစ်ချိန်ကနှိမ်ခဲ့တာတွေ
ကိုယ်တွေ့ပေမို့။

စိတ်ချ-မေမေ......
သမီး-ဘယ်တော့မှမသွားဘူး
လူအချင်းချင်းခွဲထားတဲ့စည်းတွေ
ကြုံခဲ့ဖူးမို့။

စိတ်ချ-မေမေ.......
သမီး-ဘယ်သူ့မှ မမုန်းဘူး
လောကဓံဆိုတာခံရမြဲမို့
ဖြေစရာတွေ စိတ်မှာရှိတယ်
ဘယ်တော့မှ အပြစ်မပြောဘူး။

စိတ်ချ-မေမေ.....
မေမေ-ပြောဖူးတယ်
ဘယ်သူမှ မမုန်းရဘူးတဲ့။
                             “ အယ်လ်ဖော”
မှတ်ချက်။       ။ ကဗျာရှင် “အယ်လ်ဖော” ရဲ့ကဗျာကို ပို့စ်တင်ပေးခြင်းဖြစ်ပါသည်။

Friday, July 20, 2012

မြန်အောင်မြို့ လူဦးရေနှင့်လူမျိုးဘာသာ

မြန်မာသက္ကရာဇ် တစ်ထောင် မတိုင်မီက မြန်မာနိုင်ငံအထက်ပိုင်းတွင် နန်းစိုက်သော မြန်မာဘုရင်များနှင့် အောက်ပိုင်းဒေသတွင် နန်းစိုက်သော မွန်ဘုရင်များ စစ်ခင်းကြရာတွင် မြန်မာပိုင်ဖြစ်လိုက် မွန်ပိုင်ဖြစ်လိုက် ဖြစ်ခဲ့ရသဖြင့် ဂူထွတ်(မြန်အောင်)ဒေသသည် လူနေနည်းပါးဖွယ် ရှိခဲ့သည်။
ဗြိတိသျှတို့ အုပ်ချုပ်သည့်ကာလတွင် လမ်းပန်းဆက်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများကြောင့် (၁၈၈၁)ခုနှစ်တွင် (၅၄၁၆)ဦး၊ (၁၉၁၁)ခုနှစ်တွင် (၈၃၃၁)ဦး၊ (၁၉၃၁)ခုနှစ်တွင် (၉၀၇၂)ဦး စသည်ဖြင့် အသီးသီး တိုးတက်ခဲ့သည်။
လွတ်လပ်ရေး ရပြီးသည့်နောက်ပိုင်းတွင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာခဲ့သောကြောင့် (၁၉၆၃)ခုနှစ်တွင် (၁၂၁၂၆)ဦး၊ (၁၉၆၉)ခုနှစ်တွင်(၁၅၉၇၈)ဦး၊ (၂၀၀၈)ခုနှစ်တွင် (၁၈၉၀၄)ဦး၊ (၂၀၁၁)ခုနှစ်တွင် (၁၈၅၅၄)ဦး ရှိခဲ့သည်။
မြန်အောင်တစ်မြို့နယ်လုံးတွင် (၂၀၁၁)ခုနှစ်၌ စုစုပေါင်း (၂၁၄၁၂၄)ဦး နေထိုင်လျက်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရပါသည်။
မြန်အောင်မြို့တွင်(၆)ရပ်ကွက်၊ ကနောင်မြို့တွင် (၅)ရပ်ကွက် အပါအ၀င် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း(၆၉) ခု ရှိပြီး၊ ကျေးလက်ပေါင်း (၅၁၇)ရွာ အိမ်ခြေပေါင်း (၅၀၁၂၄)ရှိကာ လူဦးရေ-မ (၁၀၁၁၆၆)ဦး၊ ကျား (၁၁၂၉၅၈)ဦး စုစုပေါင်း (၂၁၄၁၂၄)ဦးရှိကြောင်း (၂၀၁၁)ခုနှစ် ဒီဇင်ဘာလ ကောက်ယူထားသော မှတ်တမ်းများအရ သိရပါသည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် ဂူထွတ် (ခ) လွန်ဆေး (ခ) မြန်အောင်မြို့၌ ဗုဒ္ဓဘာသာနှင့် မိရိုးဖလာနတ်ကိုးကွယ်သူများသာ နေထိုင်ကြပြီး ဗြိတိသျှ အုပ်ချုပ်မှုခေတ်တွင် နိုင်ငံရပ်ခြားမှ ၀င်ရောက်လာကြသော အိန္ဒိယ၊ပါကစ္စတန်လူမျိုးများကြောင့် ဟိန္ဒူ၊ အစ္စလာမ် ဘာသာကိုးကွယ်မှုများ ရှိလာသည်။ အင်္ဂလိပ်၊ ကရင်နှင့် ချင်းလူမျိုးများသည် အများအားဖြင့် ခရစ်ယံ ဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။

မြန်အောင်မြို့ ရာသီဥတုနှင့် သဘာဝပေါက်ပင်များ

မြန်အောင်မြို့နယ်သည် အပူပိုင်းမုတ်သုံရာသီဥတု (A M W )ဖြစ်ပြီး ပူ၍ မိုးအသင့်ရွာသော ရာသီဥတုမျိုးဖြစ်သည်။ နွေဥတု၊ မိုးဥတု၊ဆောင်းဥတု ထင်ရှားစွာ ရှိသည်။ တစ်နှစ်အတွင်း ပြမ်းမျှ အနိမ့်ဆုံး အပူချိန်မှာ (၇၄.၄)ဒီဂရီ ဖာရင်ဟိုက်ရှိပြီး အမြင့်ဆုံး အပူချိန်မှာ (၁၀၅.၅) ဒီဂရီ ဖာရင်ဟိုက် ရှိတတ်၏။
တစ်နှစ်အတွင်း ပြမ်းမျှ မိုးရေချိန်မှာ (၅၈.၆၃)လက်မ ဖြစ်သည်။
ပူ၍ မိုးသင့်သော ရပ်ဝန်းအတွင်း အောက်ရွက်ပြတ်ရောနှောတောများ ပေါက်ရောက်လျက်ရှိသည်။ ခြုံပုတ်များ သစ်ပင်များနှင့် အနည်းအကျဉ်းနေရာများတွင် ထန်းပင် ၀ါးပင်နှင့် မြက်ပင် ကိုင်းပင်များ ပေါက်ရောက်သည်။
မြန်အောင်မြို့အနောက်ဘက်ရှိ ရခိုင်ရိုးမ သစ်တောများ၏ အတွင်းပိုင်းတွင် ကျွန်း၊ပျဉ်းကတိုး၊ရုံး၊ ပျဉ်းမ၊ မြောက်ချော၊ ပိတောက်၊ ဇင်ပြွန်း၊ သစ်ဖြူ၊ သစ်ရာ၊ ထောက်ကြန့်နှင့် ၀ါးမျိုးစုံ ထူထပ်စွာပေါက်ရောက်ပြီး ကျန်အပိုင်းတွင် အင်၊ ကညင်၊ သင်္ကန်း၊ သစ်ခါး၊ တောက်သရက်၊ မြောက်ညို၊ ကနစို၊ သက်ရင်းကြီး၊ အင်းသပြေ၊ တောင်လက်ပံ၊ ဒီးဒူး၊ နှော၊ နဘဲ၊ သပြေ၊ ချဉ်ပုတ်၊ ယမနေ နှင့် ၀ါးမျိုးစုံ ပေါက်ရောက်သည်။
ထို့အပြင် ပရဆေးပင်များလည်း အမျိုးအစားစုံလင်စွာ ပေါက်ရောက်သည်။

မြန်အောင်မြို့၏ ဘူမိဗေဒနှင့်မြေဆီလွှာ

မြန်မာ့ဘူမိသက်တမ်းတွင် သက်တမ်းအနုဆုံးသော အပိုင်း၌ မြန်အောင်မြို့နယ်သည် ပါဝင်သည်။ တတိယအနယ်အနှစ် သဲကျောက်လွှာများဖြင့် တည်ဆောက်ထားသော(အီအိုဆင်း)ကျောက်များသည် ဧရာဝတီမြစ်အနောက်ဘက် တစ်လျှောက် ရခိုင်ရိုးမမှ သရက်မြို့အထိတည်ရှိသည်။
မြို့တောင်ဘက် အရှေ့ပိုင်းတွင် ထူထပ်သော သဲနှင့်ကျောက်စရစ်တို့သည် ဆယ်မိုင်ခန့် ကျယ်ဝန်းသည်။
၎င်းကျောက်နှင့် သဲလွှာ၏ အောက်လွှာသည် အပြာရောင် ရွှံ့စေးလွှာဖြစ်၍ ရုပ်ကြွင်းများ တွေ့ရသည်။ မြန်အောင်ဒေသသည် မြန်မာနိုင်ငံ၏ အဓိက ရေနံတူးဖော်ရာ ဒေသတွင်ပါဝင်သည်။
ပညာရှင်များ၏ သုတေသနပြုချက်အရ မြန်အောင်မြို့နယ် မြေဆီလွှာသည် ရွှံ့စေးပါသော နုံးလယ်မြေပြာအမျိုးအစား (Meadow  allavial gloy clayey soils) နှင့် သက်နုလယ်မြေပြာအမျိုးအစား (Meadow allurlal in matured light heavy soils) တို့ဖြစ်ကြောင်းတွေ့ရှိရသည်။
ထိုမြေဆီလွှာနှစ်မျိုးတွင် စပါးစိုက်ပျိုးရန်ကောင်းမွန်သည်။ ပဲနှင့်ပြောင်းသီးနှံများလည်း စိုက်ပျိုးနိုင်သည်။
မိုးစိုညို သစ်တောမြေလွှာ( Yellow brown gravelly soils ) အနည်းငယ်တွေ့ရသည်။

မြန်အောင်မြို့ မြေမျက်နှာပြင် ရေဆင်းနှင့် ဘူမိဗေဒ

မြန်အောင်မြို့သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဖြစ်ထွန်းရာ ဒေသ၏ မြောက်ဘက်အစွန်ဆုံးဒေသ ဖြစ်သည့်အားလျော်စွာ မြေမျက်နှာပြင်သည် အကြမ်းအားဖြင့် ညီညာပြန်ပြူးလျက်ရှိသည်။ သို့သော်အနောက်ဘက်၌ ပေ(၃၀၀၀ မှ ၅၀၀၀-ထိ)မြင့်မားသော  ရခိုင်ရိုးမ (အနောက်ရိုးမ)တောင်တန်းကြီးများမှာ မြောက်ဘက်မှ တောင်ဘက်သို့ သွယ်တန်းလျက်ရှိပြီး စပါးပုံတောင် (၄၀၃၂)ပေမှာ ထင်ရှားသည်။
ဧရာဝတီမြစ်သည် မြို့၏အရှေ့ဘက်မှ အရှေ့တောင်ဘက်သို့ ကွေ့ကောက်စွာ စီးဆင်းနေသည်။ မြို့မြောက်ဘက်ရှိ ဖားတစ်ရှဉ်းချောင်း(ခေါ်)ပရှဉ်းချောင်းသည် ရခိုင်ရိုးမရှိ ကျောက်ပါးစပ်ဒေသမှ စတင်စီးဆင်းလာရာ ပန်းတောချောင်းနှင့် ပေါင်းစုံပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သွားသည်။
မြို့တောင်ဘက်တွင် ကန်ဟောင်းချောင်းသည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ မြန်အောင်မြို့၏တောင်ဘက်တွင် မမြချောင်းသည် ရခိုင်ရိုးမ တောင်ခြေမှ ရေနံတောင်ရွာ အရှေ့ဘက် မြေပြန့်လွင်ပြင်သို့ ချောင်းငယ်များ ပေါင်းဆုံ၍ ထူအိုင်အတွင်းသို့ စီးဝင်သည်။ ထူအိုင်ကြီးသည် မြန်မာနိုင်ငံအောက်ပိုင်း၌ ထင်ရှားသည်။ ဧရာဝတီမြစ်ကြီး(မှ မြန်အောင်မြို့အထက်သုံးမိုင်ခန့်ရှိ မာလာကာကုန်းရွာအနီးမှ စတင်ကာ တောင်ဘက်သို့ခွဲထွက်လာသော သဉ္ဖာလီမြစ်ဟောင်း အစ)နှင့် စပ်ဆက်နေသော်လည်း ယခုအခါ ရေထွက်ပေါက်မရှိ၍ အင်းအဖြစ်တည်ရှိသည်။




မြန်အောင်မြို့၏တည်နေရာ၊နယ်နိမိတ်နှင့်အကျယ်အ၀န်း

မြန်အောင်မြို့သည်  မြေပုံအညွှန်းအားဖြင့် မြောက်လတ္တီကျု(၁၈)ဒီဂရီ (၁၇)မိနစ်မှ (၅၂)မိနစ်အကြား နှင့် အရှေ့လောင်ဂျီကျု (၉၅)ဒီဂရီ (၁၈)မိနစ်မှ (၄၆)မိနစ်အကြားတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၆၃)ပေအမြင့်တွင် တည်ရှိသည်။
မြန်အောင်မြို့သည် အလျား(၃)မိုင် (၃)ဖာလုံ၊ အနံ(၇)ဖာလုံရှိပြီး၊ အကျယ်အ၀န်း (၁.၆၁)စတုရန်းမိုင်ရှိသည်။
မြန်အောင်မြို့နယ်၏ အကျယ်အ၀န်းမှာ အရှေ့အနောက်(၄၂)မိုင်၊ တောင်မြောက်(၂၉)မိုင် ရှိပြီး၊ ဧရိယာ(၅၉၃.၃၉)စတုရန်းမိုင် ရှိသည်။
မြို့နယ်ဧရိယာ၏ တစ်ဝက်ခန့်မှာ ကြိုးဝိုင်းသစ်တောများဖြစ်သည်။ မြန်အောင်မြို့သည် မြောက်ဘက်တွင် ဟင်္သာတခရိုင် ကြံခင်းမြို့နယ်နှင့် (၃၂)မိုင်ထိစပ်လျက်လည်းကောင်း၊ တောင်ဘက်တွင် ဟင်္သာတခရိုင်အင်္ဂပူမြို့နယ်နှင့် (၅၂)မိုင်ထိစပ်လျက်လည်းကောင်း၊ အရှေ့ဘက်တွင် သာယာဝတီခရိုင် (ဧရာဝတီမြစ်)နှင့် မိုင်(၃၀)ထိစပ်လျက်လည်းကောင်း အနောက်ဘက်တွင် သံတွဲခရိုင် (အနောက်ရိုးမတောင်တန်းကြီးများ)နှင့် မိုင်(၂၀) ထိစပ်လျက်လည်းကောင်း တည်ရှိသည်။




Tuesday, July 10, 2012

ဆရာတော်ဘုရားကြီးများ၏အဆိုအမိန့်များ

(တောင်ဖီလာဆရာတော် အဆိုအမိန့်)
မှားဖူးမှ မှန်သည်၊ ပြတ်ဖူးမှ မြဲသည်၊ လွဲဖူးမှ တည့်သည်၊ ရွဲ့ဖူးမှ ဖြောင့်သည်၊ တော့ဖူးမှ ပျော့သည်၊ ပေါ့ဖူးမှ လေးသည်၊
နှေးဖူးမှလျင်သည်၊ ရွှင်ဖူးမှ ညှိုးသည်၊ ဆိုးဖူးမှ ကောင်းသည်။


(ဒီပဲရင်းဆရာတော်အဆိုအမိန့်)
လောဘဖက်လျှင် ဒါနခက်သည်၊ မကြောက်မရှက် သီလခက်သည်၊ သုတမဖက်မလေ့ကျက်လျှင် ၀ိပဿနာခက်သည်၊
ပညာဥာဏ်နည်း သဒ္ဓါကဲ အလွဲဖြစ်တတ်သည်၊ ပညာဥာဏ်ပွား သဒ္ဓါပွား အမှားဖြစ်တတ်သည်၊ သဒ္ဓါနှင့်ဥာဏ် နှစ်ခုသန်မှ
လမ်းမှန်သို့ရောက်သည်။

(စံကျောင်းဆရာတော်အဆိုအမိန့် )
မှတ်နာခြင်းကား ကြားမြင်များ၏၊ ကြားမြင်ခြင်းကား ပညာပွား၏၊ ပညာဖြင့်လျှင် ကောင်းကျိုးမြင်၏၊ မြင်အပ်ကောင်းကျိုး ချမ်းသာတိုး၏။

(ရွှေဥမင်ဆရာတော်အဆိုအမိန့်)
လယ်လုပ်မခက် လယ်တည်ခက်သည်။ အကျင့်မခက် အသိခက်သည်။ သူတော်မခက် ပညာရှိခက်သည်။

(တောင်လေးလုံးဆရာတော်အဆိုအမိန့်)
ဗုဒ္ဓဘာသာသည် ဘုရားအားကိုးနှင့် ပျင်းရိဖင့်နွဲ အလုပ်မလုပ်ပဲ အကျိုးရစေနိုင်သောဘာသာမဟုတ် ယုံသင့်မှယုံ အကြောင်းမဲ့ ပိုက်ဆံကုန် ရောဂါရ အလုပ်များကို ရှောင်ရှားနိုင်သမျှ ရှောင်ရှားမှ ဗုဒ္ဓဘာသာစစ်မည်။ အလောင်းလျာဟူသမျှ မိမိကိုယ်ကိုမိမိ သွန်သင်ဆုံးမ၍ တရားတော်၌ ပျော်ပိုက်သောကြောင့် မဂ်ဖိုလ်နိဗ္ပာန်သို့ ရောက်လေသည်။ ငါတို့လည်း ကိုယ့်ကိုယ်ကို သွန်သင်ဆုံးမ၍ တရားတော်၌ ပျော်ပိုက်လျှင် အလောင်းလျာဖြစ်တော့မည်။ ထိုကဲ့သို့ သတိမြဲမြဲစွဲ၍ ခဲလေ..။

(မန်လည်ဆရာတော်အဆိုအမိန့်)
ရဟန်းကျင့်ဝတ် တစ်ခါးတက်က လူနတ်ဦးခိုက် ပူဇော်ထိုက်၏။ ရဟန်းကျင့်ဝတ် တစ်ပါးချွတ်က လူနတ်မကြိုက် ကဲ့ရဲ့ထိုက်၏။
ပညာသင်ခိုက် စိတ်လေမိုက် လိုလိုက်ကြွားဝါ မပြုနှင့်၊ လူထုပညာဥစ္စာများကို တွင်တွင်ကြီးဖတ်ရုံနှင့် ပညာမရှိနိုင်သေးချေ။
ဥာဏ်နှင့်ယှဉ်၍ယူမှသာ ပညာရှင်ဖြစ်နိုင်သည်။စကားတစ်ခု- မိမိကိုယ်ကို ကြီးပွားလိုက အတိုမပြု အရှည်ရှုလော့

(လယ်တီဆရာတော်အဆိုအမိန့်)
လောကီစီးပွားရေးတွင် ကံကိုသာချမှု၊ ပရိယတ် ပဋိပတ် ပဋိဝေဓ သာသနာ့စီးပွားရေးမှာ ပါရမီကိုသာချမှုသည် ဆုတ်ယုတ်ဖို့သက်သက်သာတည်း။

Monday, July 9, 2012

Sunday, July 8, 2012

လမြတ်ဝါဆို၏ အခါတော်(၉)ပါး

မြန်မာ ဆယ်နှစ်လတွင် ဗုဒ္ဓဘာသာဝင်တို့အလေးအမြတ်ထားသော  လထူးလမြတ်များရှိကြသည်။ ထိုလထူးလမြတ်များတွင် ၀ါဆိုလသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော်-၀ါဆိုလသည် ဗုဒ္ဓဘာသာအရဟန်းတော်များ ၀ါတွင်းသုံးလပတ်လုံး မိမိတို့ သီတင်းသုံးရာ ကျောင်းတိုက်အသီးသီးတို့၌ ၀ါဆိုဝါကပ်သောလ ဖြစ်သောကြောင့်ဖြစ်ပါသည်။
 နိုင်ငံအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင် သူတော်စင် ဒကာဒကာများက၀ါဆိုသင်္ကန်း၊ ၀ါဆိုပန်း အစရှိသော လှူဖွယ်ပစ္စည်းတို့ဖြင့် ကောင်းမှုဒါနများ ပြုလုပ်ရာလလည်းဖြစ်ပါသည်။
ဝါဆိုလကိုရောက်ပြီဆိုလျှင် ကာလဒါနဟုခေါ်ဆိုထိုက်သော ၀ါဆိုသင်္ကန်းကပ်လှူရန်လဟု အလိုလိုသိရှိနားလည်နေကြပြီးဖြစ်ပါသည်။
ဝါဆိုလပြည့်နေတွင် ၀ါတွင်းဥပုသ်သီလများစတင်စောင့်ထိန်းကြသောလလည်းဖြစ်ပါသည်။ ထို့ကြောင့် ၀ါဆိုလသည် ဒါနကောင်းမှု သိလကောင်းမှုများ ကြဲချစိုက်ပျိုးရာလဖြစ်ပါသည်။
ထို့ပြင် ဗုဒ္ဓမြတ်စွာ၏ ထူးခြားသောဖြစ်စဉ်များသည် ၀ါဆိုလ၌ များစွာရှိခဲ့သည်။  အခါတော်(၉)ပါးနှင့် ပြည့်စုံသောလဖြစ်သည်ဟု ဗုဒ္ဓဘာသာဝင်များ မှတ်တမ်းတင်ထားကြပါသည်။
အခါတော်ကိုးပါးဆိုသည်မှာ -
(၁)  မြတ်စွာဘုရား မယ်တော်ဝမ်းတိုက်မှာ ပဋိသန္ဓေ တည်နေတော်မူခြင်း။
(၂)  ဥယျာဉ်တော်မှာ စံပျော်စဉ် နတ်ဝတ်တန်ဆာကိုဆင်မြန်းခြင်း။
(၃)  ကိသာဂေါတမီအား လည်စွဲတန်ဆာကိုစွန့်၍ ကျေးဇူးဆပ်ခြင်း။
(၄)  နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်ခြင်း။
(၅)  မာနတ်မင်း၏ ရန်ကိုအောင်မြင်တော်မူခြင်း။
(၆)  ဘုရားဖြစ်ပြီး၍ ဝေနေယျသတ္တ၀ါတို့အား ဧဟိဘိက္ခုခေါ်တော်မူခြင်း။
(၇)  တန်ခိုးပြာဋိဟာတို့ကို ပြတော်မူခြင်း။
(၈)  ပဉ္စ၀ဂ္ဂီငါးဦးကို မိဂဒါဝုန်တော၌ ဓမ္မစကြာတရားဦးဟောတော်မူခြင်း။
(၉)  မယ်တော်ဖြစ်ဖူးသော သန္တုဿိတနတ်သားကို အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခြင်း-ဟူသော ကောင်းမြတ်သော အခါတော်(၉)ပါးနှင့်လည်း ပြည့်စုံသောလ ဖြစ်ပါသည်။
ထိုကြောင့် ၀ါဆိုလကို ဗုဒ္ဓဘာသာဝင် သူတော်စင်များက ကောင်းမြတ်သောလအဖြစ် အလေးအမြတ်ထားခဲ့ကြပါသည်။ သို့ဖြစ်၍ ၀ါဆိုလကို ကောင်းမြတ်သောလ ကောင်းမှုကုသိုလ်တို့
အများအပြားဖြစ်ထွန်းရာလ လမြတ်ဝါဆိုဟု မှတ်သားထားခဲ့ရပါသည်။

Monday, July 2, 2012